မြန်မာနိုင်ငံသားများအနေဖြင့် OWIC ကတ်လျှောက်ထားခြင်းဆိုင်ရာ အချက်အလက်များ

 

၁။         သာမန်မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားများအနက် (PJ) အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့်အညီ ပြည်ပနိုင်ငံသို့ ထွက်ခွာရန် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card-OWIC) လျှောက်ထားရမည် ဖြစ်ကြောင်း၊ ဥပဒေပြဌာန်းထားပြီးဖြစ်သော်လည်း လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစား (PJ) ကိုင်ဆောင်ထားပြီး အခြား အကြောင်းအရာများဖြင့် ဗီဇာရရှိနေသူများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပအလုပ်ရှင်များနှင့် တိုက်ရိုက် ချိတ်ဆက်၍ အလုပ်လုပ်ကိုင်ခွင့်ဗီဇာ ရနေသော ရွှေ့ပြောင်းအလုပ်သမားများလည်း ရှိနေပါသည်။ အလုပ်နှင့်သက်ဆိုင်မှုမရှိသော အခြားအကြောင်းအရာများဖြင့် ပြည်ပသို့ ထွက်ခွာမည့် သူများသည် သက်ဆိုင်ရာနိုင်ငံကူးလက်မှတ်အမျိုးအစားကို ပြောင်းလဲကိုင်ဆောင်ရန် လိုအပ်ပြီး ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများသည် ပြည်ပသို့ထွက်ခွာရန် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) ကိုလျှောက်ထားရမည် ဖြစ်ပါသည်။

 

၂။         အခြေခံအလုပ်သမားများအဖြစ် ပြည်ပနိုင်ငံများသို့ သွားရောက်မည့်သူများသည် ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပြီး၊ (PJ) အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး (OWIC) ကတ် လက်ဝယ်ရှိသူများကိုသာ ပြည်ပသို့ ထွက်ခွာခွင့် ပြုခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အလုပ်အကိုင်အသစ်ဖြင့် သွားရောက်မည့် သူများဖြစ်စေ၊ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး နိုင်ငံကူးလက်မှတ် (PJ) အမျိုးအစားကိုင်ဆောင်၍ အလုပ်လုပ်ကိုင်ခွင့်၊ အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူများဖြစ်စေ၊ မြန်မာနိုင်ငံ သို့ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာပြီး ပြန်လည်ထွက်ခွာမည့်သူများအနေဖြင့် (OWIC) ကတ်ပြုလုပ်ခွင့် ကို သတ်မှတ်ချက် အထောက်အထားပြည့်စုံစွာဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်။ ပြည်ပအလုပ် သမားသက်သေခံကတ်ပြား(OWIC)ကတ် ပြုလုပ်ခွင့်ကိုသတ်မှတ်ချက် အထောက်အထား ပြည့်စုံစွာဖြင့် အလုပ်သမားဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပါသည်။

 

-         (PJ) အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး (OWIC) ကတ် မပြုလုပ်ရ သေးသူများအတွက် (OWIC) ကတ်လျှောက်ထားရမည့် လုပ်ငန်းစဉ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

 

 

-         အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (OWIC) ပြုလုပ်ခွင့်ပြုရန် တင်ပြသည့် လျှောက်ထားစာ၊

-         သက်ဆိုင်ရာနိုင်ငံအလုပ်ရှင်၏ အလုပ်ကမ်းလှမ်းလွှာ Demand Letter ၊ ပြည်ဝင်ခွင့် မိတ္တူ (ဥပမာ- စင်ကာပူ IPA Letter ၊ ဂျပန် (COE) ၊ မလေးရှား (Calling Visa) ၊ အခြားနိုင်ငံများ (Visa)၊

-         အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ် (Employment Contract) နှင့် နိုင်ငံကူး လက်မှတ် PJ (Passport for Job) မိတ္တူ၊

-         ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ပြီးဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ် (Certificate) မိတ္တူ၊

-         အလုပ်ရှင်က အမှန်တကယ်လုပ်သားခေါ်ယူမည့် ထောက်ခံချက်၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်၍ ပြည်ပနိုင်ငံတွင် Quarantine ထားရှိမှု၊ ပြည်ပတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါက ဆေးကုသမှုစရိတ်တို့အား အလုပ်ရှင်မှ ကျခံပေး မည်ဖြစ်ကြောင်း ထောက်ခံချက်၊

 

-         တစ်ဦးချင်းအနေဖြင့် ပြည်ပနိုင်ငံများသို့ ကျွမ်းကျင်လုပ်သားအဖြစ် သွားရောက်မည့်သူများ အနေဖြင့် (OWIC) ကတ်ပြုလုပ်ခွင့်ပြုရန် တင်ပြရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

-         အလုပ်သမားဝန်ကြီးဌာန၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ထံလိပ်မူ၍ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ပြုရန်နှင့် OWIC ပြုလုပ်ခွင့်ပြုရန် တင်ပြသည့်လျှောက်ထားစာ (သွားရောက်မည့်နိုင်ငံ၊ အလုပ်ရှင် (သို့မဟုတ်) ကုမ္ပဏီအမည်၊ လုပ်ငန်းအမျိုးအစား၊ လစာဖော်ပြရန်)

-         သက်ဆိုင်ရာနိုင်ငံအလုပ်ရှင်၏ အလုပ်ကမ်းလှမ်းလွှာ Demand Letter ၊ ပြည်ဝင်ခွင့် မိတ္တူ (ဥပမာ- စင်ကာပူ IPA Letter ၊ ဂျပန် (COE) ၊ မလေးရှား (Calling Visa) ၊ အခြားနိုင်ငံများ (Visa)၊

-         အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ် (Employment Contract)၊ နိုင်ငံကူးလက်မှတ်(PJ) မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ၊ (ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရှိပါကမိတ္တူပူးတွဲပေးပို့ရန်)၊

-         အလုပ်ရှင်က အမှန်တကယ်လုပ်သားခေါ်ယူမည့် ထောက်ခံချက်၊

 

၃။         အခြေခံအလုပ်သမားများအဖြစ် ပြည်ပနိုင်ငံများသို့ သွားရောက်မည့်သူများအနေဖြင့် ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီဖြင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဖော်ပြ အပ်ပါသည်။