ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ၏ လစာဝင်ငွေခွန်ပေးဆောင်ရန်

 

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၂-၁၁-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၇၉/၂၀၂၃ အရ ပြည်ပနိုင်ငံများတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသည့် စုစုပေါင်း လစာဝင်ငွေ အပေါ် ၁-၁၀-၂၀၂၃ ရက်နေ့မှ စတင်ကာ ဝင်ငွေခွန် ထမ်းဆောင်ကြရမည်ဖြစ်ပါသည်။

 

၂။       သို့ပါ၍ ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်များပေးဆောင်ကြရမည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအတွက် တစ်လပျမ်းမျှဝင်ငွေအား ယန်း ၂၀၀,၀၀၀ နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် ၂ % အရ ယန်း ၄,၀၀၀ သတ်မှတ် သွားမည်ဖြစ်ပါသည်။ အဆိုပါ ယန်း ၄,၀၀၀ အနက် သက်သာခွင့်အဖြစ် ယန်း ၂,၀၀၀ သတ်မှတ်ပေးသွားမည်ဖြစ်ရာ လစဉ်ဝင်ငွေခွန်အဖြစ် ယန်း ၂,၀၀၀ ပေးဆောင်ရမည် ဖြစ်ပါသည်။  တစ်လပျမ်းမျှဝင်ငွေယန်း ၂၀၀,၀၀၀ နှုန်းဖြင့် တစ်လလျှင် ဝင်ငွေခွန် အဖြစ် ယန်း ၂,၀၀၀ ပေးဆောင်ရမည်ဖြစ်ပါသည်။(စာရွက်စာတမ်းအထောက်အထားများ တင်ပြရန် မလိုပါ)

 

၃။      သတ်မှတ်ထားသည့် တစ်လပျမ်းမျှဝင်ငွေ ယန်း ၂၀၀,၀၀၀ ထက် လျော့နည်း ရရှိသူများအနေဖြင့် အထောက်အထားများဖြင့် တင်ပြလာပါက ၎င်းတို့ အတွက် တစ်လပျမ်းမျှ ဝင်ငွေအား ယန်း ၁၅၀,၀၀၀ နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် ၂ % အရ ယန်း ၃,၀၀၀ သတ်မှတ်သွားမည်ဖြစ်ပါသည်။ အဆိုပါ ယန်း ၃,၀၀၀ အနက် သက်သာခွင့် အဖြစ် ယန်း ၂,၀၀၀ သတ်မှတ်ပေးသွားမည်ဖြစ်ရာ လစဉ်ဝင်ငွေခွန်အဖြစ် ယန်း ၁,၀၀၀ ပေးဆောင်ရမည် ဖြစ်ပါသည်။  တစ်လပျမ်းမျှလစာ ဝင်ငွေယန်း ၂၀၀,၀၀၀ ထက် လျော့နည်းရရှိကြောင်း အထောက်အထားဖြင့် တင်ပြလာပါက တစ်လပျမ်းမျှ ဝင်ငွေ ယန်း ၁၅၀,၀၀၀ သတ်မှတ်၍ တစ်လလျှင် ဝင်ငွေခွန် အဖြစ် ယန်း ၁,၀၀၀ ပေးဆောင်ရမည်ဖြစ်ပါသည်။ (လစာအထောက်အထား/ စာရွက်စာတမ်း အထောက်အထား တင်ပြရန် လိုပါသည်)

 

၄။      ဂျပန်နိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် ပညာသင်ကြားနေသူများ၊ အိမ်ထောင် ဘက်အပေါ် မှီခို၍ မှီခိုဗီဇာဖြင့် နေထိုင်သူများ၊ လစာဝင်ငွေလုံးဝမရရှိသူများအနေဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိပါသည်။ (စာရွက်စာတမ်း အထောက်အထား တင်ပြရန် လိုပါသည်)

 

၅။      မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ပြန်လည်သွားရောက်မည်ဆိုပါက မြန်မာသံရုံးတွင် ဝင်ငွေခွန်ပေးဆောင်ထားရှိမှု ထောက်ခံစာ (သို့မဟုတ်) ဝင်ငွေခွန် ကင်းလွတ်ခွင့် ထောက်ခံစာများလျှောက်ထားရယူသွားရန် လိုအပ်မည်ဖြစ်ပါသည်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ ပြေစာအထောက် အထားများ ထုတ်ပေးမည် ဖြစ်သလို အခွန်ထမ်းနိုင်ငံသားမှ သတ်မှတ်ကာလ တစ်ခုအတွင်း သံရုံးတွင် ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ အထောက် အထားလက်မှတ် ထုတ်ပေးရန် လျှောက်ထားလာပါက ၎င်းအနေဖြင့် သံရုံးတွင် အမှန်တကယ်ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပမာဏနှင့် ပျမ်းမျှဝင်ငွေ ပမာဏတို့ဖြင့် ထောက်ခံစာထုတ်ပေးသွားမည်ဖြစ်ပါ သည်။

@

၆။      နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့်အချိန်မှသာ ဝင်ငွေခွန်ပေးဆောင်မည် ဆိုပါက တစ်လုံးတစ်ခဲတည်းပေးဆောင်ရပြီး အခွန်ထမ်းနိုင်ငံသားအနေဖြင့် ဝန်ထုပ် ဝန်ပိုးဖြစ်နိုင်သည့်အတွက် ဝင်ငွေခွန်အား (၃) လ တစ်ကြိမ်သော်လည်းကောင်း၊ (၆) လ တစ်ကြိမ် သော်လည်းကောင်း ပုံမှန်ပေးဆောင်သွားနိုင်ပါသည်။

@

၇။      ဝင်ငွေခွန်ထမ်းဆောင်ပြီး၍ သံရုံးမှ ပြန်လည်ထုတ်ပေးသည့် ဝင်ငွေခွန် ပေးဆောင်မှုဆိုင်ရာ ပြေစာအထောက်အထားအား မပျောက်ပျက်စေရန် အလေးထား သိမ်းဆည်းထားကြရန် လိုအပ်ပါသည်။  အဆိုပါအထောက်အထားအား နိုင်ငံကူး လက်မှတ်သက်တမ်းတိုးချိန်တွင်လည်းကောင်း၊ ပြည်ပနေ နိုင်ငံသားများအနေဖြင့် မိမိနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် အစရှိသည့် အခြေပစ္စည်းများ ဝယ်ယူခြင်းအတွက် ဝင်ငွေရလမ်း စိစစ်မှုခံယူချိန်လည်းကောင်း အသုံးပြုခံစားခွင့်ရှိပါသည်။

 

 

ဝင်ငွေခွန်ပေးဆောင်ရမည့် နည်းလမ်း

(၁)      ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများမှ ဝင်ငွေခွန် ထမ်းဆောင်ရာတွင် ဖြည့်စွက်ရမည့်ပုံစံ(Download MS-Word   PDF) အား ပြည့်စုံစွာ ဖြည့်စွက်ရန်။

(၂)     အခွန်ထမ်းဆောင်သူ၏ နိုင်ငံကူးလက်မှတ် မိတ္တူနှင့် Resident Card မိတ္တူ(၁)စုံအား တင်ပြရန်။

(၃)    လျှောက်ထားသူများအနေဖြင့် ကျသင့်ငွေများအား Sumitomo Mitsui Bank Corporation (SMBC) Gotanda Branch  Current Account #4035008  Myanmar Embassy, Tel: 03-3441-9291 သို့ ပေးသွင်းထားသည့် ဘဏ်ချလံ(မူရင်း) အား လျှောက်ထားသည့်အချိန်တွင် ပူးတွဲတင်ပြရန် ဖြစ်ပါသည်။

(၄)     စာတိုက်မှလျှောက်ထားသူများမှာ ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ ပြေစာ အထောက်အထား ပြန်လည်ပေးပို့နိုင်ရန်အတွက် LetterPack 520 စာအိတ်အလွတ် တစ်အိတ် ၌ စာတိုက်အမှတ်၊ လိပ်စာ၊ အမည်နှင့် ဖုန်းနံပါတ်များဖြည့်စွက်ပြီး ပူးတွဲ ထည့်ပေးရပါမည်။  စာတိုက်မှတစ်ဆင့် ဝင်ငွေခွန် ထမ်းဆောင်သူများအနေဖြင့် အောက်ပါအတိုင်းလိပ်မူ ပေးပို့ရန်ဖြစ်ပါသည်-

          Consular Section (ဝင်ငွေခွန်ကိစ္စ)

          Myanmar Embassy, Tokyo

          4-8-26, Kita Shinagawa, Shinagawa Ku, Tokyo 140-0001